ဟင်းချက်တိုင်း.. မုန့်လုပ်တိုင်းတော့ ဓါတ်ပုံတွေ ရိုက်ထားဖြစ်ပေမဲ့... မအားရတာနဲ့ ဟင်းချက်နည်း မုန့်လုပ်နည်းတွေ တင်ဖို့ အချိန် မပေးနိုင်ခဲ့ပါဘူး...
ခုတော့ အချိန်နဲနဲရတယ်ဆိုပါတော့.. ရတဲ့ အချိန်လေးမှာ လည်း လွယ်ကူတာလေးတွေဘဲ တင်ချင်တာမို့ လွယ်ကူတဲ့ ဟင်းအတွဲ အစပ်လေးတွေ ကိုရွေးပြီး တင်လိုက်ပါတယ်....
ကဲ.. လွယ်လွယ်ကူကူ နူးလွယ် ကျက်လွယ်တဲ့.. ကြက်သားဟင်းကို အရင်ချက်ကြစို့ ....
အရည်သောက်လေးကို လည်းလွယ်တာလေးဘဲ ချက်ကြတာပေါ့နော်...
ကြက်သားရခိုင်ချက် နဲ့ ၀က်နံရိုး clear soup
ကြက်သား (အရိုးအသား) ၁ပိဿာ
မြေပဲဆီ ဟင်းခပ်ဇွန်းကြီး ၅ ဇွန်း
ကြက်သွန်နီ ၃ ဥ ကို ထောင်း/ ကြိတ်ထားပါ
ကြက်သွန်ဖြူ ၁၅ မွှာ ခန့်ကို ထောင်း/ ကြိတ်ထားပါ။
စပါးလင် ၂ ပင်မှ အရွက်ဖက်ကို ဖြတ်ပြီး အောက်ပိုင်းကို ထောင်းထားပါ။
ငရုပ်သီးစိမ်း ၅ တောင့် ကို ထောင်း/ ကြိတ် ထားပါ။
( အစပ်သိပ်မကြိုက်ရင် ငရုပ်သီးလျော့ ထည့်ပါ)
ငရုပ်သီးပွ ခြောက် ၃ လုံးကို အစေ့ ထုတ်. ရေဆေး ရေနွေးစိမ်ပြီးထောင်း/ ကြိတ်ထားပါ။
စိမ်းစားငါးပိ စားပွဲတင်ဇွန်း ၁ ဇွန်း
နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
အာပူရွက် အနည်းငယ်
(မထည့်ရင်လည်းရပါတယ်)
နံနံပင် အနည်းငယ်
အချို အငံ ( အငံကို ငါးပိပါပြီးသား ဖြစ်လို့ သတိထားပြီး ထည့်ပါ )။
ကြက်သားကို အရွယ်တော် ခုတ်ပြီး အချိုအငံ နယ်ထားပါ။
ဟင်းချက်မည့် အိုးတွင် ဆီထည့်ပြီး ဆီကျက်အောင် တည်ပါ။ မီးကို medium တွင်ထားပါ။
ဆီပူလာလျင် နနွင်း ထည့် ၊ ငပိစိမ်းစားထည့်ပါ။ ( ငပိ မတူးစေရန် သတိပြုပါ )
ငပိများကြေသွားလျင်ထောင်းထားသော ငရုပ်သီးစိမ်း ထည့်ပါ။
ထောင်းထားသော ကြက်သွန်ဖြူ ၊ နီ ၊ စပါးလင် ထည့်ပါ။ နှံ့စပ်အောင်မွှေပါ။
အစိမ်းနံ့ များပြောက်ပြီး ရနံ့ မွှေးလာလျင် ထောင်းထားသော ငရုပ်ပွခြောက်ကိုထည့်ပြီးဆီသပ်ပါ။
အဖတ်လေးများကြွပ်ပြီး မွှေးလာပြီဆိုလျင် အချို အငံ နယ်ထားသော ကြက်သားကို ထည့်ပါ။
သေချာနှံ့ စပ်အောင်မွှေပေးပါ။ အိုးအဖုံးကို ပိတ်ပြီး မကြာခဏလှုပ်ပေးပါ။
ကြက်သားထဲမှအရည်များထွက်လာမှာ ဖြစ်လို့ ရေထည့်စရာမလိုပါ။
ကြက်သားထဲမှ အရည်များခမ်းပြီး ကြက်သားမနူးသေးမှသာ ရေကို နဲနဲချင်းထည့်ပါ။
ရေလည်းခမ်း ၊ ကြက်သားလည်းနူး ၊ ဆီလည်းပြန်လာပြီ ဆိုရင်တော့ အာပူရွက်နဲ့ နံနံပင်ကို ကြက်သားပေါ်မှာ အုပ်ပြီး ဟင်းအိုး အဖုံးကိုပိတ် ၊ မီးပိတ်ပြီး အိုးကိုမီးဖိုပေါ်မှာဘဲ ခဏထားပါ။
( အာပူရွက်နှင့် နံနံပင်ရနံ့လေးများ အသားထဲဝင်စေရန် )။
ကဲ.. ကြက်သားဟင်းကျက်ပါပြီ..။
ဝက်နံရိုး clear soup .. ၃ ယောက်စာ
အရည်သောက်အတွက်...
ဝက်နံရိုး ၃၀ သားခန့် ( ၀က်သားမကြိုက်သူများ အတွက် ကြက်ရိုးကို အသုံးပြုပါ ) ကိုသေချာဆေးပြီး ရေမက်ခွက် ၄ ခွက်၊ ချင်း လက်တဆစ်စာ၊ ကြက်သွန်ဖြူ ၂ ဥ ဓါးပြားရိုက် ထည့် ၊ အချို အငံ ထည့်ပြီး အဖုံးဖွင့်တည်ထားပါ။
ပွက်ပွက်ဆူနေအောင် တည်ထားပါ။
( အပေါ်ယံသို့ တက်လာသော အမြှုပ်များကို ခပ်ထုတ်ပြစ်ပါ)။
အရိုးပြုတ်ရည် တည်ထားစဉ် မှာ ဒါလေးတွေကိုပြင်ဆင်ထားရအောင်နော်....
ဝက်သား ( အသားသီးသန့်) (သို့) ကြက်သား ရင်အုံသား အနည်းငယ် (ခပ်ပါးပါးလှီးထားပါ)။
ကြက်ဥ တို့ဟူးချောင်း ၁ ချောင်း ခပ်ထူထူလှီးထားပါ။
ကြက်သဲ ကြက်မြစ် ၂ တွဲ ကို သန့်စင်ပြီး ပြုတ်ပါ။ ပါးပါးလှီးထားပါ။
ငုံးဥ ၆ လုံး ပြုတ်ထားပါ။အခွံခွာထားပါ။
မုန်ညှင်းဖြူရွက် ၅ရွက်ခန့် ကြိုက်နှစ်သက်ရာအရွယ် ပိုင်းဖြတ်ထားပါ။
ထိုင်ဝမ်မုန်ညှင်းရွက် ၃ ပင်ခန့်
ကြက်သွန်နီ အကြွပ်ကြော် အနည်းငယ်
ငရုပ်ကောင်းမှုန့် အနည်းငယ်
**** အရွက်များကိုသေချာဆေးကြောပါ။
အရိုးပြုတ်ရည် ပွက်ပွက်ဆူပြီး အချိုရည်ထွက်လာပြီဆိုလျင် ..
လှီးထားသော အသားများထည့်ပါ။ ဟင်းရည်အိုးဆက်ဆူနေပါစေ။
ငုံးဥထည့်ပါ။အရွက်များထည့်ပါ။ ကြက်ဥတို့ ဟူးထည့်ပါ။
ပြုတ်ပြီးလှီးထားသော အသဲအမြစ်များထည့်ပါ။ အချို အငံ မြည်းပါ။
၅ မိနစ်ခန့် ဆူပြီးလျင် တည်ခင်းမည့် ပန်းကန်လုံးတွင် အညီအမျှခွဲ ထည့်ကာ အပေါ်မှ ကြက်သွန်နီ အကြွပ်ကြော် နှင့်ငရုပ်ကောင်းမှုန့် တို့ကိုဖြူးပြီး ရင် ဟင်းရည် ချိုချို ပူပူလေး ရပါပြီ...။
ကဲ.... ကြက်သားရခိုင်ချက် စပ်စပ်လေးရယ်... clear soup ချိုချို ပူပူလေးရယ်... ထမင်းမြိန်မှာပါ နော်...။
ဆိတ်သား/ အမဲသား ခဘတ် နဲ့ ပဲနီလေးဟင်းချို
ဆိတ်သား/ အမဲသား ခဘတ် အတွက်...
ဆိတ်သား / အမဲသား ၅၀ သား
ဂျင်း လက်တဆစ်ခန့်
ကြက်သွန်နီ ဥကြီး ၂ လုံး
ကြက်သွန်ဖြူ ၁ မွှာ
ခရမ်းချဉ်သီး ၁ လုံး
ငရုပ်သီးစိမ်းပွ အရှည်တောင့် ၂ တောင့်
ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
မာဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆနွင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း ( အသားပြုတ်လျင်သုံးရန် ၁ ဇွန်း+ ဟင်းချက်လျင်သုံးရန် ၁ဇွန်း)
ဆီ ဟင်းချက်ဇွန်းကြီး ၁ ဇွန်းခွဲ
အချို / အငံ သင့်သလို
ဆိတ်သား / အမဲသား ၅၀ သား ကို သေချာ ဆေးကြောသန့်စင်ပြီး အရွယ်တော် အတုံးလေးမျာလှီးပါ။
အိုးကြီးတလုံးတွင် ဆေးကြောထားသော အသားများကို ထည့်ပါ။ ဆား အနည်းငယ်၊ ဆနွင်း ၊ ဂျင်း တို့ကိုပါ တခါတည်းထည့်ပါ။ရေကို အသားမြုပ်ရုံ ထည့်ပြီး အသားများ မနူးမချင်း ရေ နဲနဲ စီထည့်ကာ မီးဖိုပေါ်မှာ တည်ထားပါ။
ဆိတ်သားဆိုလျင် တရေဆူပါက ထိုရေကိုသွန်ပြစ်ပြီး ရေအသစ်ထည့်ကာနူးသည်အထိပြန်တည်ပါ။
(ညှီနံ့ ပျောက်စေရန်)
အသားတည်ထားသောအချိန်မှာ -
ကြက်သွန်နီ ဥကြီး ၂ လုံး နဲ့ ခရမ်းချဉ်သီး ၁ လုံး အကွင်းလိုက်လှီးထားပါ။
ကြက်သွန်ဖြူ ၁ မွှာ ကို ဓါးပြားရိုက်ထားပါ။
ငရုပ်သီးစိမ်းပွ အရှည်တောင့် ၂ တောင့် ကို အညှာ ဖက်မှနေပြီး ၁လက်မ ခန့် ခွဲထားပါ။
အသားနူးလျင် အသားကိုရေခန်းအောင်မတည်ဘဲ ရေကို ဟင်းချက်ဇွန်းကြီး ၁ဇွန်းခွဲစာ ချန်ထားပါ။ဒယ်အိုးကိုမီးဖိုပေါ်တင်ပါ။ မီးကို medium မှာထားပါ။
ဒယ်အိုးပူလာလျင် ဆီ ကိုကျက်အောင်တည်ပါ။ ဆနွင်းထည့်ပါ။ ကြက်သွန်ဖြူထည့်ပါ။ငရုပ်သီးစိမ်းထည့်ပါ။
အနံ့လေးမွှေးလာလျင် လှီးထားသော ကြက်သွန်နီ ခရမ်းချဉ်သီးတို့ကိုထည့်ပါ။
ကြက်သွန်အနည်းငယ် နွမ်းလာလျင်ပြုတ်ထားသော အသားများကိုထည့်ပြီးသေချာနှံ့စပ်အောင်မွှေပါ။သေချာသမပြီဆိုလျင် အိုးထဲမှ လက်ကျန်အသားပြုတ်ရည်ကိုထည့်ပါ။ ရှာလကာရည်ထည့်ပါ။အချိုအငံထည့်ပါ။
ဆီအနည်းငယ်ပြန်အောင် အိုးအဖုံးကိုခဏပိတ်ထားပါ။
ခဏနေလျင် မဆလာဖြူးပြီး သမအောင်မွှေပြီးလျင် တည်ခင်းမည့် ပန်းကန်ထဲသို့ထည့်ပြီး သုံးဆောင်နိုင်ပါပြီ ရှင်...
ပဲနီလေးဟင်းချိုအတွက်...
ပဲနီလေး ၃၀ သားခန့် 
ကြက်သွန်နီ ၂ဥ ကိုပါးပါးလှီးထားပါ
ကြက်သွန်ုဖြူ ၁၀ မွှာ ခန့်ကို ပါးပါးလှီးထားပါ။
(မိမိကြိုက်နှစ်သက်သည့် အတိုင်း အတိုးအလျော့ လုပ်နိုင်ပါသည်)
ပျင်းတော်သိမ်ရွက် ၁ ခက်
ဆနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အချို / အငံ သင့်သလို
ရေ ပဲနီလေးရဲ့  ၃ဆ ( ဟင်းချိုပန်းကန်လုံး ၄ လုံးခန့်) မိမိကြိုက်နှစ်သက်သော ဟင်းရည် အပြစ်အကျဲ ပေါ်မူတည်ပြီး ထည့်ပါ။ ပဲနီလေးမှာ ပွားတတ်ပါသည်။
ပဲနီလေးကိုသန့်စင်ပြီး ရေဆေးကာ ဆား၊ ဆနွင်း၊ ရေ ပဲမြုပ်ရုံအပြင် နောက် ၂ဆ ထည့်ပြီး ပဲနူးအောင်အဖုံးဖွင့်ပြီးပြုပ်ပါ။ အပေါ်ယံတွင် တက်လာသော အမြှုပ်များကိုခပ်ထုတ်ပြစ်ပါ။
ပဲအိုးတည်နေချိန်မှာ လှီးထားသော ကြက်သွန် နီ /ဖြူ တို့ကို ဆီချက်ချက်ထားပါ။ဆီချက် ချက်ရာတွင် ပျင်းတော်သိမ်ရွက်ကိုပါထည့်ချက်ပါ။
ပဲအိုး တော်တော်လေးဆူပြီး ပဲများနူးအိ လာလျင် ဆီချက်များကို ဆီစစ်ပြီး ပဲအိုးထဲသို့ ထည့်ပါ။
အိုးအဖုံးကို ဟ ထားပြီးတည်ပါ။( ဝေ မကျစေရန်)။ အချို အငံ ထည့်ပါ။အပြစ်အကျဲ မိမိလိုသလိုရေနွေးဆူဆူထပ်ထည့်ပါ။
တော်တော်လေး ဆက်ဆူအောင်တည်ပါ။ အနံ့လေးမွှေးလာလျင် ဟင်းချို ပန်းကန်လုံးထဲသို့ ထည့်ကာ တည်ခင်းနိုင်ပါပြီရှင် ...။
( ဟင်းရည်ခပ်ရင် မွှေပြီးမှခပ်ဖို့တော့ မမေ့နဲ့နော်)
တရုတ်နံနံဖက်ထုပ်ပြုတ်....
ဖက်ထုပ်ပြုတ်ကတော့ ဟင်းအတွဲ အစပ် မဟုတ်ပေမဲ့... ဘာလေးနဲ့ ဘဲ တွဲစားစား စားလို့ ရပါတယ်..။
ဖက်ထုပ်ရွက် အဆင်သင့်ရှိနေတယ်ဆိုရင် အချိန်မရွေး အလွယ်တကူ လုပ်စားလို့ ရပါတယ်..။
ဖက်ထုပ်ရွက်ကို ဈေးမှာ အလွယ်တကူ ၀ယ်လို့ရပေမဲ့ ဒီဖက်ထုပ်ရွက်လို တရုတ်နံနံ အနံ့ သင်းသင်းလေးနဲ့ အရောင်က စိမ်းဖန့်ဖန့် လေး ရအောင်ဆိုရင်တော့ အိမ်မှာကိုယ်တိုင်လုပ်မှ ရမှာပါ...။
ဖက်ထုပ်ရွက် ကို မလုပ်တတ်ခင်တော့ ခက်တယ်ထင်ရပေမဲ့ ... လုပ်ကြည့်တော့ တော်တော်လေးလွယ်ပါတယ်...
ဖက်ထုပ်ပြုတ်မလုပ်ခင် .. ဖက်ထုပ်ရွက်ကိုအရင် လုပ်ကြည့်ရအောင်နော်...။
လိုအပ်တာတွေ....
ဂျူံ ၁၅၀ ဂရမ်
တရုတ်နံနံ အရည် ၇၀ မီလီ
( တရုတ်နံနံ တစည်းကို ကြိတ်ပြီး ၇၀ မီလီ အရည်ရအောင် စစ်ယူပါ)
ဆား အနည်းငယ်
ဂျူံ ၊ ဆား ကို အရင်ရောပြီး တရုတ်နံနံ အရည်ကို နဲနဲ ချင်းထည့်ကာ ဂျူံသားချောမွတ် နူးညံ့ လာသည်အထိ နယ်ပါ။
ဂျုံလုံးပုံစံပြုလုပ်ပြီး ရေစိုညှစ်ထားသော အ၀တ်ဖြင့် အုပ်ပြီးနာရီဝက်ခန့် နှပ်ထားပါမယ်။
(နာရီဝက် နှပ်ထားတဲ့ အချိန်မှာ အထဲမှာ ထည့်မယ့် အဆာ ကို ပြင်ဆင်ပါမယ်။)
အထဲမှာထည့်မယ့် အဆာတွေကိုပြင်ဆင်ပြီးပြီ ဆိုလျင် နှပ်ထားတဲ့ ဂျုံ လုံးကို ဂျုံပြားလေးတွေ လုပ်ပါမယ်..။
ဂျုံလုံးကြီး တခုလုံးကို ပါးလွှာနေအောင် လှိမ့်ရမှာ မနိုင်တဲ့ မတွက် ၂ ခါခွဲပြီး လှိမ့်ရပါတယ်..။
စက္ကူပါး ၂ ရွက်ထပ်ထားစာ အထူရှိ တဲ့ ဂျုံပြားဖြစ်အောင် ဖြေးဖြေးချင်းလှိမ့်ပါမယ်..။
ပြီးမှ မိမိ လိုချင်တဲ့ အရွယ်အစားအတိုင်းဖြတ်ပါမယ်..။
(ဖြတ်ပြီးသားဂျုံပြားဝိုင်းလေးတွေ ကိုထပ်ထားမယ်ဆိုရင် တခုနဲ့ တခု ကပ်မသွားအောင် ဂျုံမှူန့် ဖြူးပြီးမှ ထပ်ပါ။)
နောက်တနည်းကတော့...
နှပ်ထားတဲ့ ဂျုံ လုံး ကို တခါတည်း ပါးလွှာအောင် မလှိမ့်ဘဲ တခုချင်းစီ လုပ်မယ်ဆိုရင်လည်းရပါတယ်..။
ဂျုံလုံး ကို တလုံးလျင် ၃၀ ဂရမ် ခန့် ဖြတ်ယူပြီး အပါးဝိုင်းလေးများဖြစ်အောင်လှိမ့် ပါ။
(လှိမ့်ပြီးသားဂျုံပြားဝိုင်းလေးတွေ ကိုထပ်ထားမယ်ဆိုရင် တခုနဲ့ တခု ကပ်မသွားအောင် ဂျုံမှူန့် ဖြူးပြီးမှ ထပ်ပါ။)
အသုံးမပြုသေးဘူးဆိုရင် ရေခဲသေတ္တာထဲမှာ လေလုံဗူး နဲ့ ၃ ရက်ကြာ သိမ်းထားလို့ရပါတယ်..။
ဂျုံသား နာရီဝက် ခန့် နှပ်ထားချိန်မှာ .. အဆာ ကိုပြုလုပ်ပါမယ်....။
ဝက်သား ( အဆီ အသား) ၃၀ သားခန့် ( ကြိတ်ထားပါ)
တရုတ်နံနံ တစည်း (ရိတ်ရိတ်လှီးထားပါ)
ချင်းရည် ၁ စားပွဲ တင်ဇွန်း
ပုဇွန်ခြောက် ၁ စားပွဲ တင်ဇွန်း (ရေစိမ်ထားပါ)
(ပုဇွန်ခြောက်လေးများပြော့လာလျင် နုတ်နုတ်လှီးထားပါ)
ဆီ ၂ စားပွဲတင်ဇွန်း
အနောက်ရည် အပြစ် ၁ စားပွဲတင်ဇွန်း
နှမ်းဆီ ၂ လက်ဘက်ရည်ဇွန်း
အချို အငံ မိမိနှစ်သက်သလို..
ကြိတ်ထားသော ၀က်သားထဲသို့ ချင်းရည်ထည့်ပြီး နှံ့စပ်အောင် နယ်ပါ။ နှမ်းဆီမှအပ ကျန်အဆာ များကိုထည့်ပြီး သမအောင်နယ်ပါ။သမသွားမှ နှမ်းဆီ ထည့် နယ်ပါ။၁၀ မိနစ်ခန့် အဖုံးအုပ်ပြီး နှပ်ထားပါ။
နယ်ပြီးနှပ်ထားသော အဆာကိုဖက်ထုပ်ရွက်ထဲသို့ ထည့်ပြီး.............
မိမိနှစ်သက်ရာ ဖက်ထုပ်ပုံစံလေးများပြုလုပ်ပြီး ဖက်ထုပ်ကြော်..... ဒါမှ မဟုတ် ... ဖက်ထုပ်ပြုတ် လေးများ ကို နှစ်သက်သလို ပြုလုပ်လို့ရပါပြီ..........။
ဖက်ထုပ်ပြုတ်လေး ဆက်လုပ်ရအောင်နော်..
ဖက်ထုပ် လုံး ( ၁၀ ) လုံးခန့် ကို ရေနွေးဆူဆူ မှာ ထည့်ပြုတ်ပါ ။
ဖက်ထုပ်လုံးလေးများ အိုးပေါ်မှာ တက်လာပြီ ဆိုလျင် ဆယ်ယူထားလိုက်ပါ ။
ကြက်ဥ တို့ဖူး ၁ တောင့် ကို လက်တလုံး ခန့် အထူလှီးပြီး ဆီဖြင့် ကြော်ကာ ဆယ်ယူပြီး ဆီစစ်ထားပါ ။
အရွက်ကတော့ မိမိကြိုက်နှစ်သက်ရာ ( ဥပမာ .. မုန်ညှင်းစိမ်း ၊ မုန်ညှင်းဖြူ ၊ ကိုက်လန် ) ကို ရေဆေးထားပါ။
ကြက်သွန်မြိတ် ၂ ချောင်း ကို ပါးပါးလှီးထားပါ ။
ပဲငံပြာရည် (အကြည်) ..... ၁ စားပွဲတင်ဇွန်း
ကြက်ရိုး (သို့ ) ၀က်ရိုးပြုတ်ရည် ........ ၅၀၀ မီလီခန့်
အချို အငံ ....... နှစ်သက်သလို...
အရိုးပြုတ်ရည်ကို ပွက်ပွက်ဆူအောင်တည်ထားပါ။ တော်တော်လေးဆူလာလျင် အရွက်များထည့်ပါ ။
တကြိမ်ပြုတ်ထားပြီးသော ဖက်ထုပ်များကိုထည့်ပါ။
ကြော်ထားသောကြက်ဥတိုဖူး ထည့်ပါ။ အချို အငံ ထည့်ပါ ။ဟင်းရည်အိုးပွက်ပွက်ဆူနေပါစေ...။
စားသုံးတော့မည်ဆိုလျင်.. ပဲငံပြာရည် (အကြည်) ထည့်ပြီး ပါးပါးလှီးထားသော ကြက်သွန်မြိတ်လေးများဖြူး ကာပူပူနွေးနွေး သုံးဆောင် နိုင်ပါပြီ.......။
Enjoy!!
ဆိတ်သားပေါင်း နဲ့ ချဉ်ပေါင်ဟင်းရည်
တကယ့်ကို နူးညံ့ တဲ့ ဆိတ်သားပေါင်း ပါ ။
ဆိတ်သားရဲ့  ညှီနံ့ လုံးဝ မရှိသလို .. စားရတာလည်း အင်မတန်မှ နူးညံ့ ပါတယ်..။
ပဲထမင်း နဲ့ တွဲဖက်ပြီး စားသုံးရင် ဆွေမျိုးတောင်မေ့သွားနိုင်ပါတယ်..။
အုန်းထမင်းနဲ့ တွဲဖက်စားသုံးချင်ရင်လဲ အဆင်ပြေပါတယ်..။
အိမ်ရှင်မတွေ အတွက် အဆင်ပြေစေမဲ့ ဟင်းတခွက်ပါ.. ။ပေါင်းအိုး နဲ့ ပေါင်းတဲ့ အတွက်လည်း လွယ်လွယ်ကူကူ နူးမြန်ပါတယ်...။ ချက်ကြည့်ရအောင်နော်..။
ဆိတ်သား (ပေါင်သား) ၁ ပိဿာ
ကြက်သွန်နီ ဥ ကြီး ၅ လုံး
ကြက်သွန်ဖြူ ဥကြီး ၁ လုံး
ချင်း လက်၂ ဆစ်ခန့်
ငရုပ်ပွခြောက် ၅ လုံး ( အစပ်ကြိုက်ရင် ပိုထည့်နိုင်ပါတယ်)
သစ်ဂျပိုးခေါက် ( အချောင်းသေး ) ၂ ချောင်း ( အနံ့ သိပ်မကြိုက်ရင် လျော့ထည့်ပါ )
နံနံစေ့ လက်ဖက်ရည်ဇွန်း တ၀က်
ဇီယာ လက်ဖက်ရည်ဇွန်း တ၀က်
( နံနံ စေ့ နှင့် ဇီယာကို ဒယ်အိုး တလုံးထဲသို့ ထည့်ပြီး မီးအေးအေးနှင့် အနံ့မွှေးလာသည်အထိ လှော်ကာ မှူန့်ညက်နေအောင် ထောင်းထားပါ )
ကရဝေးရွက်ခြောက် ၂ ရွက်
နနွင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သားမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မဆလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီ ဟင်းချက်ဇွန်းကြီး ၆ ဇွန်း
ရှောက်သီး တခြမ်း
နောက်ထပ် ကြက်သွန်နီ ဥကြီး ၃ လုံးကို ပါးပါးလှီးပြီး ကြက်သွန်ကြော်လုပ်ထားပါ။ Ready made ကိုအသုံးပြုလျင်လည်းရပါသည် ။
ဆိတ်သားကို အရိအရွဲများဖယ်ပြစ်ပြီး သေချာဆေးပါ။ ရှောက်သီးတခြမ်းကို ဆိတ်သားအတွင်းသို့ညှစ်ချပြီး သေချာဖိနယ်ပါ။နောက်တကြိမ် ရေသေချာဆေးပြစ်ပါ။
ပြီးလျင် ဆား ၊ ကြက်သားမှုန့် ၊ နနွင်း ၊ ထောင်းထားသော အမှုန့် တ၀က် တို့နှင့် ဆိတ်သားကိုနာနာ နယ်ပေးပြီး ၁၅ မိနစ်ခန့် အဖုံးဖုံးပြီး နှပ်ထားပါ။
ကြက်သွန်ဖြူ နီ ချင်း တို့ ကို အခွံနွှာပြီး ညက်နေအောင် ထောင်း (ကြိတ်)ပါ။
ငရုပ်သီးခြောက်ကို ခွဲပြီး မှို ရှိ/ မရှိ စစ်ဆေးပါ။ မှိုလုံးဝ မရှိဘူးဆိုမှ မသုံးပြုပါ။ အစေ့များဖယ်ပြစ်ပြီး ရေနွေးစိမ်ကာ ညက်နေအောင် ထောင်း (ကြိတ်)ထားပါ။
ထောင်း(ကြိတ်)ထားသော အမယ်များအားလုံးနှင့် တ၀က်ချန်ထားသော နံနံ+ ဇီယာ အမှုန့်တို့ကို ဇွန်းဖြင့်ဖွဖွ နယ်ထားပါ။
ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီထည့်ပါ။ ဆီ ပူပြီးအငွေ့များထ လာပြီဆိုလျင် မီးကို medium ထားပြီး ထောင်းနယ်ထားသော အမယ်များ ၊ ကရဝေးရွက်၊ သစ်ဂျပိုးခေါက်တို့ ကိုထည့်ပြီး မွှေးလာသည်အထိ ဆီသပ်ပါ။
(ဆီသပ်တဲ့အခါ စိတ်ရှည်ဖို့လိုပါတယ်။ ကြက်သွန်များသေချာကျက်မှသာ ဟင်းအနံ့ အရသာ ပိုပြီးကောင်းမှာဖြစ်တဲ့အတွက် ဆီသပ်ရင် စိတ်ရှည်ရှည်နဲ့ အနံ့လေးမွှေးပြီး ကြက်သွန်ဖတ်လေးတွေ ကော့လာတဲ့အထိ ဖြေးဖြေးမှန်မှန်လေးမွှေပေးပါ)။
နယ် နှပ်ထားတဲ့ ဆိတ်သားကို ၂ကြိမ်ခွဲထည့်ပါ။ တကြိမ်ထည့်ပြီး ၅မိနစ်ခန့် မွှေပြီးမှ နောက်တကြိမ် ထည့်မွှေပါ။
အသားတုံးလေးများ အနည်းငယ်ကျစ်လာသည်အထိ အဆက်မပြတ်မွှေနေပေးပါ။
အသားတုံးထဲမှ အရည်များထွက်လာပြီး အသားတုံးများကျစ်လာလျင် ကြက်သွန်နီကြော် တ၀က်ကိုထည့်ပြီး ကြက်သွန်ကြော်ကြေသည်အထိ မွှေပေးပါ။
ပြီးလျင် ပေါင်းအိုး ( Pressure cooker ) ထဲသို့ ပြောင်းထည့်ပြီး ရေ ကိုအသားမြုပ်ရုံ ထည့်ကာ အဖုံးလုံအောင်ပိတ်ပြီး မီး medium ဖြင့် မိနစ် ၂၀ ခန့် ပေါင်းပါ။
အဖုံးပြန်ဖွင့်ပြီး လက်ကျန် ကြက်သွန်နီကြော်ကိုချေထည့်ပါ။
အဖုံးလုံအောင်ပြန်ပိတ်ပြီး မိနစ် ၂၀ ထပ်ပေါင်းပါ ။
ပြီးလျင်မီးအေးအေးဖြင့် အဖုံးဖွင့်ပြီးရေခန်းအောင်တည်ပါ။
ဆီပြန် ပြီဆိုရင်တော့ မဆလာ ထည့်ပြီး မွှေပါ။ အဖုံးပိတ် မီးပိတ်ပြီး မီးဖိုပေါ်မှာ အပူငွေ့ လေးနှင့် နှပ်ထားပါ။
ကဲ ပဲထမင်းပူပူလေးနဲ့ တွဲစားမလား.. အုန်းထမင်းလေးနဲ့ တွဲစားမလား.. ချဉ်ပေါင်ဟင်းရည်လေးနဲ့ လေ..
Enjoy !!!
ပဲထောပတ်ထမင်း..
အပေါ်မှာ ချက်ပြထားတဲ့ ဆိတ်သားပေါင်း ဟင်း နဲ့ တွဲဖက်လို့ရအောင် ပဲထောပတ်ထမင်း ချက်နည်းလေးတင်ပေးလိုက်ပါတယ်...။
ပဲထောပတ် ထမင်းဆိုပေမဲ့ လုံးဝ မအီပါဘူး.. တခြား အီစေနိုင်တဲ့ အမယ်တွေလဲ ထည့်မထားတော့ ရိုးရိုးရှင်းရှင်း နဲ့ လုံးဝ မအီတဲ့ ထမင်းပါ..။
ထမင်းမှာပါတဲ့ ချိုတဲ့ အရသာ နဲ့ ပဲမှာပါတဲ့ ဆိမ့် တဲ့ အရသာ တွေကို ထောပတ်နံ့ သင်းသင်းလေးဖြည့် စွက်ပေးလိုက်တော့ ပြီးပြည့်စုံတဲ့ အရသာက လျှာ ပေါ်မှာ စွဲပြီး ကျန်ခဲ့စေပါတယ်..။
စပြစ်သီးခြောက် ၊ သီဟိုစေ့ တွေ ကို ထည့် ရင် ပဲ ရဲ့  ဆိမ့်တဲ့ အရသာ ပျောက်ပြီး အီ တဲ့ အရသာ ကို ပိုစေတဲ့ အတွက် ဒီချက်နည်းမှာ ထည့် မသုံးထားပါဘူး..။
ကိုယ်ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ထည့် နိုင်ပါတယ်...။
ကဲ .. ချက်ကြည့်ရအောင်နော်..
ဆန် .. နို့ဆီဘူး ၅ လုံး ( ဆန် နို့ဆီဗူး ၁ လုံးကို ၂၇၀ ဂရမ် ရှိပါတယ်)
ကုလားပဲ.. နို့ဆီဗူး ၁ လုံး ( ၂၇၀ ဂရမ် )
ဂီးထောပတ် ဟင်းချက်ဇွန်းကြီး တဇွန်း
ကြက်သွန်နီ ဥ ကြီး ၁ လုံး
ကရဝေးရွက် ခြောက် ၃ ရွက်ခန့်
သစ်ဂျပိုးခေါက် ၁ ချောင်း
ဖာလာစေ့ ၄ / ၅ စေ့
ရေ ထမင်းချက်ရန် လိုသလောက်
ဆန်ကို ရေ ဆေးပြီး ရေစစ်ထားပါ။
ကုလားပဲ ကို ရေ မြုပ်ရုံထည့်ပြီး မီးအေးအေးဖြင့် မနူး မနပ် ပြုတ်ထားပါ။
ကြက်သွန်နီကို ခပ်ပါးပါးလှီးထားပါ ။
ကရဝေးရွက်ခြောက် ၊ သစ်ဂျပိုးခေါက် ၊ ဖာလာစေ့ တို့ကို ရေသေချာ ဆေးထားပါ ။ ရေစစ်ထားပါ။
မိမိ ချက်မည့် အိုးတွင် ထောပတ်ထည့်ပြီး ထောပတ်နံ့ မွှေးလာသည်အထိ အပူပေးပါ။
ဆီ အငွေ့ ထွက်လာလျင် ရေဆေးထားသော ကရဝေး သစ်ဂျပိုး ဖာလာ တို့ ကို ရနံ့ မွှေးလာသည်အထိ ဆီသပ်ပါ။
ပါးပါးလှီးထားသော ကြက်သွန်နီများကိုထည့်ပြီး ရွှေညိုရောင် ရသည်အထိ ဆီသပ်ပါ။
ရနံ့ တော်တော်လေးမွှေးလာလျင် ရေစစ်ထားသော ဆန်ကိုထည့်ပြီး နှံ့စပ်အောင်မွှေပါ။ ( ၅ မိနစ်ခန့် )
(ဆန် အတွင်းသို့ ရနံ့ လေးများဝင်သွားရန်)
ရေကို ဆန်level အထက် လက်တဆစ် ကျော်ရုံ ထည့်ပါ။ မွှေပေးပါ။ အဖုံးခဏပိတ်ပြီး ဆူသည်အထိ မီးအေးအေးဖြင့် တည်ပါ။ မကြာခဏ အဖုံးဖွင့် ပြီးမွှေပေးပါ။
ပုံတွင်တွေ့ရသည့်အတိုင်း အိုးထဲမှာ ရေမကျန်တော့တဲ့ အချိန် မှာ မနူးမနပ် ပြုတ်ထားသည့် ပဲများကိုထည့်ပြီးသာသာ လေးမွှေပေးပါ.. ဆန်စေ့ အဆံ ကျန်နေသေးလျင် ရေ အနည်းငယ် ဖျန်းပေးပါ။မွှေပေးပါ။ ( ထမင်းစေ့လေးများ မကျိုးစေရန် ထမင်း အထက်အောက်လှန်ရုံ သာသာလေးမွှေပါ )။
ပဲလည်းနပ်.. ထမင်းလဲ အဆံ မကျန်တော့ဘူး ဆိုလျင် တည်ခင်းစားသုံးရန် အသင့် ဖြစ်ပါပြီ။
Enjoy!!!
ကြက်ဥ (သို့ ) ဘဲဥ ကြော်နှပ်
ကြက်ဥ( သို့) ဘဲဥ ၁၀
လုံး
( အကျက်ပြုတ်ပြီး အခွံနွှာထားပါ)
(တချို့ က ဓါးနဲ့ နဲနဲ မွှန်းပါတယ်)
ကြက်သွန်နီ အရွယ်လတ် ၎
ဥ
( အခွံနွှာ ပြီးထောင်းထားပါ)
ကြက်သွန်ဖြူ ၁၅ မွှာခန့်
(စားပွဲတင်ဇွန်း ၁ဇွန်းခွဲ ခန့်ရအောင်ထောင်းထားပါ)
ငရုပ်သီး အကြမ်းမှူန့် စားပွဲတင်ဇွန်း
၃ ဇွန်းခန့်
(အစပ်ကြိုက်လျင် ပိုထည့်နိုင်ပါတယ် )
ပုဇွန်ခြောက် စားပွဲတင်ဇွန်း
၂ ဇွန်း
(ရေ စိမ်ပြီး ရေညှစ်ခါ အကောင်ပျက်ရုံ ထောင်းထားပါ)
နနွင်း သင့်ရုံ
(ရေ စိမ်ပြီး ရေညှစ်ခါ အကောင်ပျက်ရုံ ထောင်းထားပါ)
နနွင်း သင့်ရုံ
ငံပြာရည် သင့်ရုံ
ကြက်သားမှူန့် သင့်ရုံ
ကြက်ဥကြော်ရန်ဆီ နှင့်
ဟင်းချက်ရန် ဆီ ဟင်းချက်ဇွန်းကြီး
၎ ဇွန်းခန့်
ကြက်ဥကြော်ထားသော ဆီအိုးထဲမှ ဟင်းချက်ဇွန်းကြီး တဇွန်းစာကို ဖယ်လိုက်ပါ။
လက်ကျန်ဆီ တွင် နနွင်းမှူန့်ကို ထည့်ပါ။ ကြက်သွန် ဖြူ ၊ နီ ဆီသပ်ပါ။
ကြက်သွန်ဖတ်လေးများကော့ပြီး မွှေးလာပြီဆိုလျင် ငရုပ်သီး အကြမ်းမှူန့် ထည့်ပါ။
မီးအရှိန် မပျင်းအောင် ဂရုစိုက်ပါ။
ရနံ့မွှေးလာလျင် ထောင်းထားသောပုဇွန်ခြောက် များထည့်ပါ။ မွှေးလာသည်အထိ ချက်ပါ။
ငံပြာရည် ၊ ကြက်မှူန့် ထည့်ပါ။
( အပေါ့အငံ မိမိ နှစ်သက်သလို ထည့်ပါ)
အနှစ်အနေအထား ရောက်လျင် ကြော်ထားသော ကြက်ဥ များ ရောပါ။
သမ အောင်မွှေပါ။
ဆီပြန်လာလျင် မီးဖိုပေါ်မှ အိုးချ ကာ ဟင်းပွဲ ပြင်နိုင်ပါပြီ ..။
Enjoy !!!
ဒီညီအမနှစ်ယောက်ကတော့တတ်ညီလက်ညီပါပဲ
ReplyDeleteSoup အရမ်းကြိုက်ပါတယ်..
အားပေးတာ ကျေးဇူးအထူးတင်ပါတယ် မှုန် ရေ...
ReplyDeleteမချောရေ- ဆိတ်သားကပတ် နဲ. ပဲနီလေးဟင်းချိုကို ကြည့်ပြီး ဗိုက်ဆာသွားပြီ။ ည ၂ နာရီမှာကြီးဖြစ်နေတော့ ဘယ်လိုလုပ်ရပါ့...း(
ReplyDeleteလာလည်၍ လှည့်ပတ်ဆားတွားသီ
ReplyDeleteThanks for sharing the recipe.
ReplyDeleteပုံလေးတွေ Save သွားပါသည်
ReplyDelete